တရုတ်နိုင်ငံက ဒေးဗစ်အမည်ရတဲ့ အမျိုးသားတစ်ဦးကတော့ သူ့ရဲ့ ရည်းစားဟောင်းအကြောင်းကို Dcard အမည်ရတဲ့ အွန်လိုင်းစာမျက်နှာပေါ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ ဒေးဗစ်က သူ့ရည်းစားဟောင်းမိန်းကလေးဟာ ပစ္စည်းဥစ္စာမက်တဲ့ မိန်းကလေးမျိုးမဟုတ်ဘူးလို့ ထင်ခဲ့မိပါတယ်။
ဒါပေမယ့် အချိန်လာတာနဲ့အမျှ မိန်းကလေးအချစ်ဟာ သူ့အပေါ်မှာ အကန့်အသတ်နဲ့ ဖြစ်နေတာကို သိလိုက်ရပါတယ်။ သူတို့နှစ်ဦး သမီးရည်းစားဘ၀ အစတုန်းက တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေကြပါတယ်။ ရန်လဲဖြစ်ခဲပါတယ်။ ဒီလိုနဲ့ သမီးရည်းစားသက်တမ်းကို ဖြတ်သန်းလာနေရင်းက ကောင်မလေးက သူ့ကို အခြားလူတွေနဲ့ စတင်ခိုင်းနှိုင်းရာကနေ ပြဿနာစလာခဲ့ပါတယ်။
ကောင်မလေးက တဖြည်းဖြည်းနဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေ အပေါ်မှာ ပိုပြီး မှီခိုလာပါတယ်။ သမီးရည်းစားဖြစ်ခါစတုန်းကတော့ နှစ်ယောက်သား လမ်းဘေးဆိုင်လေးတွေမှာပဲ ထိုင်ပြီး အတူတူစားသောက်၊ တစ်ခါတစ်လေ ရုပ်ရှင်သွားကြည့်တာလေးတွေ ရှိပါတယ်။
ဒါပေမယ့် နောက်ပိုင်းကျတော့ လမ်းဘေးဆိုင်တွေမှာ မစားနိုင်ဘူးဆိုဘူး ကောင်မလေးက ငြင်းပယ်လာပါတယ်။ ကောင်မလေးနဲ့ ရည်းစားဖြစ်တဲ့ အချိန်တုန်းက ဒေးဗစ်က ရိုးရိုးအေးအေးပဲ နေထိုင်လာခဲ့တာပါ။
သူဟာ ချမ်းသာကြွယ်ဝတဲ့ မိသားစုက ဆင်းသက်လာခဲ့ပေမယ့် အနေရိုးတာကြောင့် သူ့ကို ဘယ်သူကမှ သူဌေးသားလို့ မထင်ခဲ့ကြပါဘူး။ ဒေးဗစ်ဟာ သူကိုယ်တိုင်ကလည်း ကောင်မလေးကို သူဟာ ပိုက်ဆံချမ်းသာတဲ့ အသိုင်းအဝိုင်းကပါလို့ ဖွင့်မပြောခဲ့ပါဘူး။
သူလက်ထပ်မယ့် ကောင်မလေးရဲ့ အချစ်ဟာ သူ့အတွက်လား၊ သူပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေအတွက်လားဆိုတာ မှန်မှန်ကန်ကန် သိရဖို့ ဒေးဗစ်ဟာ အချိန်စောင့်နေခဲ့တာ ဖြစ်ပါတယ်။
တစ်ချိန်မှာတော့ ကောင်မလေးက ဒေးဗစ်ကို အခုလို ဖွင့်ပြောလာခဲ့ပါတယ်။ တခြားအမျိုးသား ကောင်လေးတွေဟာ သူတို့ချစ်သူ ကောင်မလေးတွေကို တန်ဖိုးကြီးစမတ်ဖုန်းတွေ၊ နာမည်ကျော်တံဆိပ် အဝတ်အစားနဲ့ ပစ္စည်းအသုံးအဆောင်တွေကို ဝယ်ပေးကြပေမယ့် သူမကတော့ မရဘူး။
ပြီးတော့ အမြဲတမ်းလိုလို လမ်းဘေးဆိုင်တွေမှာပဲ သူမကို ကျွေးပြီး ညဈေးတန်းက ပစ္စည်းတွေကိုပဲ ဝယ်ပေးတယ် စသဖြင့် ငြီးငြူပြောဆိုလာပါတယ်။ ဒီလိုနဲ့ ရန်ဖြစ်ပြီး ကောင်မလေးဘက်က လမ်းခွဲဖို့ စတင်တောင်းဆိုခဲ့ပါတယ်။
စိတ်မကောင်းစွာနဲ့ပဲ ဒေးဗစ်ဟာကောင်မလေးကို နောက်ဆုံးတစ်ကြိမ်အဖြစ် သူနဲ့အတူ ညစာစားပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။လမ်းခွဲမယ့်နေ့ရောက်လာတဲ့အခါမှာတော့ ဒေးဗစ်ဟာ ကောင်မလေးကို BMW ကားနဲ့ သွားခေါ်ခဲ့ပါတယ်။
ကားမြင်တာနဲ့ ရုတ်တရက်အံ့သြသွားတဲ့ ကောင်မလေးရဲ့ မျက်နှာကိုမြင်တော့ ဒေးဗစ်ဟာ တော်တော်လေးစိတ်မကောင်းဖြစ်သွားပါတယ်။ ကောင်မလေးကို ကားပေါ်တင်ပြီး သူ့အိမ်ရှိရာဆီ မိဘတွေနဲ့ တွေ့ပေးဖို့ ခေါ်သွားခဲ့ပါတယ်။ ဒေးဗစ်ရဲ့ အိမ်က အိမ်ကြီးအိမ်ကောင်း အကြီးကြီးတစ်ဆောင် ဖြစ်ပြီး အစေခံတွေကလည်း အများကြီးပါ။
အိမ်ထဲက ထမင်းစားပွဲကြီးမှာတော့ ဧည့်သည်မိန်းကလေးကို ထမင်းကျွေးဖို့ စားသောက်ဖွယ်ရာအမယ်မယ်တို့ကို အစုံအလင် ခင်းကျင်းထားပါတယ်။ ဒေးဗစ်က ကောင်မလေးကို မိဘတွေနဲ့ တွေ့ဆုံပေးပြီး သူ့ရဲ့ အကောင်းဆုံး အမျိုးသမီးသူငယ်ချင်းအနေနဲ့သာ မိတ်ဆက်ပေးခဲ့ပါတယ်။
မိဘတွေနဲ့ မိတ်ဆက်ပေးတဲ့ အခိုက် သူငယ်ချင်းဆိုတဲ့အသံကြားခဲ့ပေမယ့် ကောင်မလေးဟာ မျက်နှာကို ပြုံးမြဲပြုံးထားဆဲပါပဲ။ စားသောက်ပြီးစီးလို့ ကောင်မလေးကို အိမ်ပြန်ပို့တဲ့အခါမှာတော့ သူမက အရင်တုန်းက သူမဆက်ဆံခဲ့တဲ့ပုံစံအတွက် ဝမ်းနည်းစကားဆိုခဲ့ပေမယ့် ဒေးဗစ်က ကိစ္စမရှိကြောင်းနဲ့ သူမလိုချင်တဲ့ဘဝမျိုး သူမပေးနိုင်ပါဘူးလို့ ငြင်းပြီး လမ်းခွဲခဲ့ကြပါတယ်။
ဒေးဗစ်ကတော့ သူ့အဖြစ်လေးကို ပြန်ပြောင်းပြောရရင်း ရုပ်ဝတ္ထုပစ္စည်းတွေအပေါ်မှာ အခြေခံတည်ဆောက်ထားတဲ့အချစ်ဟာ ဘယ်တော့မှ မခိုင်မြဲကြောင်းနဲ့ အချစ်စစ်ဟာ တွေ့ရခဲကြောင်း ပြောပြသွားခဲ့ပါတယ်။
No comments:
Post a Comment